"အမေမပါပဲ ဖေါက်ထားတဲ့ ဒေသကြက်လေးတွေ ပြုစုနည်း"

ပထမ ၃ ရက်ကိုတော့ ရိုင်ပတ်ထဲထည့် နေ ကော ညကော မီးသွေးအိုးနဲ့ အပူပေး။
လွယ်လွယ်လေးပါ ဥစားကြက် တွေ မီးကိုင်သလို ပါပဲ။ အချင်း ၆ ပေ အဝိုင်းရိုင်ပတ်ထဲမှာ စပါးခွံ ၄ လက်မအထူခင်းပါ။ ရေအိုးရဲ့ အောက်ဘက် ၃ ပုံ ၁ ပုံကနေ အပေါ်ကို အတန်းလိုက် ၂ လက်မခြား အပေါက်လေးတွေ ပတ်ပတ်လည် ဖေါက်သွားပါ။ ၄ လက်မသံချွန်နဲ့ ဖေါက်ပါ။ ရေအိုးကို တည ရေစိမ်ပြီးမှ ဖေါက်ပါ မကွဲအောင်ဖြစ်ပါတယ်။
၆ ပေ ရိုင်ဝိုင်းထဲမှာ အကောင် ၁၀၀ ကနေ ၅၀၀ ထိ ထားနိုင်ပါတယ်။
ရေအိုးထဲမှာ မီးဆွဲပြီး မီးခိုးငွေ့ သေပြီး မီးခဲများ အိုးတဝက်ထိ ထည့်ပါ။ မနက် တအိုး ညတအိုး ဆို လုံလောက်ပါပြီ။
ရိုင်ဝိုင်းအလယ်က စပါးခွံများ နေရာအနည်းငယ်ဖယ်ပေးပြီး အုတ်ခဲ နှင့် သံပြား ခံလိုက်ပါ။ ပြီးရင် မီးသွေးအိုးတင်ထားပါ။
၃ ရက် နောက်ပိုင်းမှာ နေ့ဘက်ကို ရိုင် အပြင်ဘက် နဲ့ လွှတ်ကြောင်းခြံထဲထည့် လွှတ်ထားပေးပါ။ ညဘက်မှသာ မီးကိုင် ရိုင်ထဲ ထည့်ပြီး တောင်းကလေးများနှင့် သိပ်ပါ။ ကြောင်တွေ မြွေတွေ မဆွဲအောင် ဖြစ်ပါတယ်။ ၃ ရက်နောက်ပိုင်းမှာ ညဘက် မီးသွေးအိုးထဲ မီးထည့်ပေးပါ။ ၁၄ ရက်ကနေ ၂၁ ရက်ထိ ပဲ မီးသွေး ညဘက် ထည့်ပေးဘို့လိုပါမယ်။ ရာသီဥတု နဲ့ အခန်းအနွေးဓါတ်ပေါ် မူတည်လို့ ၁၄ ရက်နဲ့ လည်း မီးဖြတ်ပေးလို့ရပါတယ်။
ဒေသကြက်ကလေးတွေဟာ သူတို့ဟာသူတို့ ရှာဖွေစားသောက်ရတာ နှစ်သက်လို့ အပြင်ဘက်လွှတ်ကျင်းမှာ သူတို့အတွက် အစာလေးတွေ ဖန်တီးပေးရပါမယ်။နွားချေး ပုံ ဖြန့်ထားပေးပြီး အမှိုက်မြေဆွေးလေးတွေ ချထားပေးရပါ့မယ်။ မြက်ပင်လေးတွေ မွေးထားပေးပါ။
ခြကောင်လေးတွေ ပိုးကောင်သေးလေးတွေရှာကျွေးရပါမယ်။
ခြမွေးနည်းလေးတခုပြောပြပါမယ်။ ရေအိုးတလုံးထဲမှာ ကောက်ရိုးမှိုက်တွေ ပြည့်အောင်ထည့်။ပြီးရင် ရေအပြည့်လောင်းထည့်။ တည့်ပြီး တစ်ညထားပါ။ နောက်နေ့မနက်မှာ အရိပ်ကောင်းတဲ့ မြေပြင်ပေါ် နဲ့ ခြံစည်းရိုးလိုနေရာတွေမှာ အိုးကို မှောက်လိုက်ပါ။ ၃ရက်လောက်က စလို့ ချလေးတွေ ဝင်လာပါမယ်။ ရေအိုးလေးတွေများများလုပ်ထားရင် များများကြာကြာကျွေးရတာပေါ့။ နောက်တစ်မျိုးကတော့ လောက် မွေးပြီးလည်း ကျွေးနိုင်ပါတယ်။
ကြက်ကလေးတွေဟာ ဆန်ကွဲစေ့ လေးတွေ ကျွေးသလို စပ်စာကို ကျွေးမယ် ဆိုရင်တော့ မြန်မြန်ကြီးလွယ်မှာပဲဖြစ်ပါတယ်။ အလွယ်ကူဆုံးစပ်စာ စပ်နည်းကို ပြောလိုက်ပါမယ်။ ပြောင်းဖူးခွဲခြမ်း ဆန်ကွဲ ဖွဲနု နှံစားပြောင်း ဆံ စတာတွေဟာ ကာဗိုဟိုက်ဒြိတ် အုပ်စုဖြစ်ပါတယ်။
ပဲဘတ် နှမ်းဘတ်နဲ့ ငါးခြောက် မှုန့်တိုဟာ အသားဓါတ် အုပ်စုတွေ ဖြစ်ပါတယ်။
ကြက်ကလေးစာအတွက် ကာဗို ဟိုက်ဒြိတ် အုပ်စုဟာ ၆၅ ရာခိုင်နှုန်း နဲ့ အသားဓါတ်အုပ်စုဟာ ၃၄ ရာခိုင်းနှုန်း ကျန် ၁ ရာခိုင်းနှုန်းကို တော့ ခရုမှုန့်လေး ရောစပ်ပေးလိုက်ပါ။
အသားဓါတ်စပ်စာ ၃၄ ရာခိုင်းနှုန်းမှာ ပဲဘတ် နှမ်းဘတ် က ၁၄ နဲ့ ငါးခြောက်မှုန့် ကိုတော့ ၂၀ ရာခိုင်းနှုန်း ရောစပ်ပေးလိုက်ပါ။ ငါးခြောက်မှုန့်ဆိုတာကတော့ ဈေးကွက်ထဲမှာ ရှိတဲ့ ကြက်စာ အတွက်လာတဲ့ ငါးခြောက်မှုန့်ကိုပြောတာပါ။ အဲ့ဒီငါးခြောက်မှုန့်ကို ရေဆေး ပြီးမှ ကျွေးပါ။
အခုဖေါ်ပြခဲ့တာ ကြက်ကလေး စပ်စာ နမူနာ တစ်မျိုးမျှသာ ဖြစ်ပါတယ်။ ကြက်ကလေး ၁ ကောင် ရဲ့ အစာစားနှုန်းဟာ အခြားအစာ ရရှိမူနဲ့ အသက်အရွယ်ပေါ် မူတည်ပြီး ၄၅ ရက်သားအထိ တွက်မယ်ဆို ၁ နေ့ကို ၁ ကျပ်သားကနေ ၃ ကျပ်သားအထိ ကျွေးနိုင်ပါတယ်။
စပ်စာကို သမအောင် နယ်ပြီး ရေ (သို့) ထမင်းရေ တို့ နဲ့ ခပ်ထွေးထွေးလေး နယ်ပြီး အစုပ် သေးသေးလေးများ စုပ်လုံးပြီး ကျွေးပါ အစာများ မလေ လွင့်စေရန်ဖြစ်ပါတယ်။
ဒီနေရာမှာ အတိုချုပ်ကလေး တစ်ခုပြောပါရစေ။ သူတို့လည်းလူတွေလိုပါပဲ အစာအမယ် စုံစုံလင်လင် စားရလေ ခံတွင်းပေါက်လေ အာဟာရ ဖြစ်လေပါပဲ။ ဒါ့ကြောင့် ၁ မျိုး ၂ မျိုးထဲမကြွေးပဲ စုံစုံလင်လင် ရောစပ်ကျွေးမှ များများစားပြီး မြန်မြန်ကြီးမှာ ဖြစ်ပါတယ်။ အသားဓါတ်များတာကို ကျွေးမှ မြန်မြန် ကြီးထွားပါလိမ့်မယ်။
အစာကြွေးနည်းနဲ့ ပတ်သက်လို့ အသေးစိတ် ထပ်သိချင်ရင်တော့ ကြက်မွေးမြူရေးစာအုပ်ကလေးများဝယ်ဖတ်စေ့ချင်ပါတယ်။ ကျနော်လည်း အကုန် အလွတ်မရလို့ပါ။ (ရှင်းရှင်းပဲနော် အသက်ကြီးပီ memomary out ပါပြီ)
အဲ့ဒီစာအုပ်တွေ အများစုမှာ မပါတာလေးတွေ ဒီပိုစ့်မှာ ဖေါ်ပြပေးထားပါတယ်။
ကြက်ကလေးတွေကို လယ်လိမ် ရောဂါ မျက်စဉ်းဆေး ပေးရင် လုံလောက်ပါတယ်။ ၁၄ ရက်သား ၂၈ ရက်သားနဲ့ ၄၅ ရက်သား တွေမှာ ၃ ကြိမ်သာ ပေးလိုက်ရင် ရှယ် ဒေသ ကြက်ကလေးတွေ ဖြစ်လာမှာပါ။ ၄၅ ရက်သားဆို ရောင်းရင် ရောင်း မွေးချင်လည်းဆက်မွေး မွေးရင်တော့ ၃ လ တစ်ကြိမ် လယ်လိမ် မျက်စဉ်း ခပ်ပေးပါ။
ကဲတောင်းဆိုထားလို့ ဒေသကြက်ကလေးတွေပြုစုပုံ တင်ပေးလိုက်တာ movie တော့ ရိုက်ချိန် မရလို့ ဓါတ်ပုံလေးတွေနဲ့ပဲတင်ပေးလိုက်ပါတယ်။
သန်းဇော် (နတ်မောက်)
#crd...

Comments
Post a Comment