ဈေးကွက်အာမခံချက် အခိုင်အမာရရှိထားတဲ့ မြန်မာတိုင်းရင်းကြက်တွေကို စီးပွားဖြစ်ဘယ်လိုမွေးမြူကြမလဲ…အပိုင်း(၁)

ဈေးကွက်အာမခံချက် အခိုင်အမာရရှိထားတဲ့ မြန်မာတိုင်းရင်းကြက်တွေကို စီးပွားဖြစ်ဘယ်လိုမွေးမြူကြမလဲ…အပိုင်း(၁)
မြန်မာ့တိုင်းရင်းကြက်မွေးမြူရမယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။  မွေးမြူသူတွေအများဆုံးဖြစ်တဲ့ နည်းစနစ်(၂)မျိုးရှိပါတယ်။
ပထမနည်းစနစ်က ကိုယ်တိုင်မျိုးခြံတွေထောင်ပြီး မျိုးကြက်မတွေမွေးမြူကာ ဥဖောက်စက်နဲ့ ကြက်သားပေါက်တွေကိုစနစ်တကျ မွေးမြူနည်းစနစ်ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ မိရိုးဖလာနည်းဖြစ်တဲ့ ကြက်ဖနဲ့ကြက်မကိုသားဖောက်ခိုင်းပြီး ကြက်ပေါက်လေးတွေကို ကြက်မပြန်ထိန်းတဲ့နည်းစနစ်ဖြစ်ပါတယ်။
အရင်ဆုံး မိရိုးဖလာ မွေးမြူနည်းစနစ်တွေနဲ့ ဘယ်လိုမွေးမြူလဲ လေ့လာကြည့်ရအောင်….
မိရိုးဖလာနည်းကို ဥဖောက်စက်မသုံးနိုင်တဲ့ကျေးလက်ဒေသတွေမှာ တစ်ပိုင်တစ်နိုင် မွေးမြူလို့ရနိုင်တဲ့ နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။
အဲ့ဒီနည်းစနစ်က ကြက်ဖနဲ့ကြက်မကို သားဖောက်ကာ ကြက်မကိုပဲသားထိန်းခိုင်းတဲ့ စနစ်တစ်ခုဖြစ်ပြီး မွေးမြူသူက လိုအပ်သလို ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်သွားရမှာဖြစ်ပါတယ်။
အဆိုပါနည်းစနစ်ရဲ့ အဓိကလုပ်ဆောင်ရမယ့် အချက်တွေကတော့ ကြက်သားပေါက်မယ့် ကြက်မတွေကို ဥများများဝပ်နိုင်ဖို့အတွက် အစာရေစာအဟာရပြည့်ဝစွာကျွေးဖို့လိုအပ်ပါတယ်။ ကျွေးမွေးရမယ့်ပုံစံကတော့ ဆန်ကွဲကျွေးတာထက်စာရင် မွေးမြူရေးကြက်အစာ(Ready made) ဖြည့်စွက်အစာကို ကျွေးသင့်ပါတယ်။ ဖြည့်စွက်အစာက ကြက်ငယ်ဘ၀မှာကျွေးဖို့ပိုလိုအပ်ပါတယ်။ တစ်ခုသတိထားရမှာက ဖြည့်စွက်အစာကိုကျွေးတဲ့နေရာမှာ အလွန်အကဲမဖြစ်ဖို့ အရေးကြီးပါတယ်။
ဒါ့အပြင် အစာစိမ်းတွေဖြစ်တဲ့ ကန်စွန်းရွက်၊ ရေမှော်၊ ဗေဒါ၊ ငှက်ပျော၊ စတာတွေကိုလည်း ဖြည့်စွက်စာအဖြစ် ကျွေးပေးရပါတယ်။ အရေးကြီးဆုံးက ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးရပါတယ်။  မွေးမြူရေးဆေးဝါးတွေက ကျေးလက်ဒေသတွေမှာလက်လှမ်းမမှီတဲ့အတွက် ဘောစကိုင်း၊ ပင်စိမ်း၊ စပါးလင်စတာတွေကို မိမိတို့အိမ်မှာပဲ ဆေးဝါးကုသမှုတွေ ပြုလုပ်လို့ရအောင် စိုက်ပျိုးထားသင့်ပါတယ်။
သားပေါက်လာတဲ့ ကြက်ကလေးတွေကို ကြက်မကြီးနဲ့ ခဏသားထိန်းခိုင်းထားပြီး မွေးမြူသူက ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်။ အနည်းဆုံး(၇)ရက် တပတ်လောက် အုပ်ဆောင်းနဲ့ လှောင်ထားရမှာဖြစ်ပြီး ကြက်မနဲ့ကြက်ကလေးတွေကို အစာရေစာကောင်းကောင်းကျွေးပေးရပါတယ်။ ကြက်ပေါက်လေးတွေ သန်သန်စွမ်းစွမ်းဖြစ်လာရင်တော့ လွတ်ကွင်းထဲကိုလွတ်ထားလို့ရပါတယ်။ ကြက်ပေါက်ကလေးတွေ (၁)လပြည့်တဲ့ အချိန်ရောက်လာရင် ကြက်မနဲ့ခွဲထုတ်ပြီး ခြံလှောင်စနစ်နဲ့ သီးသန့်ပြုစုကာ မွေးမြူရပါမယ်။ အဲ့လိုခွဲထုတ်မှသာ ကြက်မကလဲ နောက်တစ်သားအတွက် ပြန်ဥဖို့ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
ဒီနည်းလမ်းတွေအတိုင်း  စနစ်တကျမွေးမြူမယ်ဆိုရင်တော့ (၂)လ(၃)လလောက်ဆိုရင် (၇၀)ကျပ်သားရှိနိုင်တဲ့အတွက် ဈေးကွက်အနေအထားတစ်ခုကို ရောက်ရှိမှာဖြစ်ပါတယ်။ ဒီမွေးမြူရေးလုပ်ငန်းကတော့ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ချင်သူတွေအတွက် သင့်တော်ပြီး အရင်းအနှီးကလည်း သောင်းကဏန်းလောက်နဲ့ လုပ်ငန်းစနိုင်ပါတယ်။ မြန်မာ့တိုင်းရင်းကြက် ဈေးကွက်က ငွေ(၅၀၀၀)အထက်မှာပဲရှိတယ်လို့ မွေးမြူတဲ့သူတွေထံမှ သိရပါတယ်။
ဖော်ပြပါနည်းစနစ်ကတော့ တို့ခေတ်လယ်ယာအစီအစဉ်မှာ ပြသခဲ့တဲ့ ပေါင်းတည်က ကိုညွှန့်ဝင်းနဲ့ အင်တာဗျူးခဲ့တာကို အနှစ်ချုပ်ပြန်လည်ရေးသားထားတာဖြစ်ပါတယ်။
နောက်ထပ်နည်းစနစ်တစ်ခုဖြစ်တဲ့ ဥဖောက်စက်နဲ့ကြက်သားပေါက်တွေ ဘယ်လိုမွေးမြူလဲဆိုတာကိုလည်း ရေးသားဖော်ပြသွားမှာဖြစ်ပါတယ်။
Credit DVB TV News
မွေးမြူရေးဗဟုသုတမျှဝေခြင်း









Comments

Popular posts from this blog

ဒေသကြက်မွေးမြူနည်း အစာစပ်နည်းနှင့် အခြားစနစ်များ